နွံနစ်ခဲ့သောဆန္ဒတခု၏အလွမ်းမှတ်တမ်း




မငိုနဲ့ မငိုနဲ့
ဦးနှောက်အသိက ဘယ်လိုပဲတားတား
အသားပေါ်ရှပ်ထိတဲ့ ဒဏ်ရာမဟုတ်ဘဲ
ဘယ်ဘက်ရင်အုံကိုမှ
ထိုးစိုက်သွားတဲ့ မြှား
ထိချက်ပြင်းတော့
ခေါင်းငုံ့မကြည့်လည်း
ငါ့အတွက်.....
နာကြင်ခြင်းကစူးရှလွန်းခဲ့တယ်

အနိမ့်အမြင့်မမှန်တော့တဲ့
ရင်ခုန်သံစည်းချက်

ညှိလို့မရတဲ့ ကာရံပျက်ကဗျာ
ကိုယ့်အသက်ရှုသံတောင်
ကြောက်ရွံနေတတ်တဲ့
တစ္ဆေခြောက်
ညတွေကို
တစ်ယောက်တည်းဖြတ်ကျော်
အားအင်ချိနဲ့ အသက်မဲ့တဲ့ကိုယ်
နွမ်းရော်နေတဲ့ နှလုံးသားအသေ
စက္ကန့်တိုင်းကိုမောပမ်းစွာဖြတ်သန်း
ဝိဥာဉ်တစ်ကောင်လို
မှီတွယ်ရာမရှိတဲ့ ဘဝ

ထမင်းလုံးတစ္ဆေခြောက်လို့
ချောက်နက်နက်ထဲကျတယ်ဆိုရင်တောင်
သြော်...ငါညက စည်းကမ်းမဲ့စားခဲ့လို့
ကျခဲ့တဲ့ထမင်းလုံးကြောင့်လို့
တရားဝင်စွပ်စွဲလို့ရတယ်

ခုတော့
ရင်ဘတ်ကိုအကြိမ်ကြိမ်ငုံ့ ကြည့်
ခေါင်းလေ ငြိမ့်လို့အခါခါမေးတာတောင်မှ
ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေသာထပ်ခဲ့တယ်
အဖြေဆိုတာ ဗလာနတ္ထိ

ဝဋ်ကြွေးတွေကြောင့်ဆိုရင်လည်း
သည်ဘဝမှာတင်ကျေစေတော့လို့
သံသရာအကြွေးနောက်ထပ်မပါစတမ်း
ငါ့နှလုံးသွေးနဲ့ရင်းပြီး
ဒီဘဝမှာတင်အကြေဆပ်ခဲ့မယ်
တစ်ခုပဲတောင်းဆိုမယ်
အလွမ်းဆိုတဲ့သူကိုတော့
ငါ့ တစ်ဘဝလုံးအတွက်
မွေးစားခွင့်တော့ ပေးခဲ့ပါ

ယွန်းငယ် (12.6.13)

No comments:

Post a Comment